နိုင်ငံတော်၏ ဝင်ငွေကဏ္ဍအများစု လျော့ကျနေခြင်းကြောင့် လာမည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏အရအသုံးဆိုင်ရာ ငွေစာရင်းတွင် လက်ရှိနှစ်ထက် လိုငွေပိုလာမည်ဟု အစိုးရက ခန့်မှန်းလိုက်သည်။

ယခုနှစ်ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်မှန်းထားသည်။ အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)ယခုနှစ်ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်မှန်းထားသည်။ အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

နိုင်ငံတော်၏ ဝင်ငွေကဏ္ဍအများစု လျော့ကျနေခြင်းကြောင့် လာမည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်
ပြည်ထောင်စု၏အရအသုံးဆိုင်ရာ ငွေစာရင်းတွင် လက်ရှိနှစ်ထက် လိုငွေပိုလာမည်ဟု အစိုးရက
ခန့်မှန်းလိုက်သည်။

၂ဝ၁၇-၁၈ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေမူကြမ်းတွင် ရငွေပမာဏ စုစုပေါင်း
ကျပ် ၁၆,၇၆၈ ဘီလျံကျော်နှင့် သုံးငွေပမာဏစုစုပေါင်း ကျပ် ၂ဝ,၈၉၆ ဘီလျံကျော်ရှိမည်
ဖြစ်ကြောင်း ရေးဆွဲထားသည်။ ထို့အတွက် လိုငွေပမာဏသည် ကျပ် ၄,၁၂၈ ဘီလျံကျော်
ရှိမည်ဟု ဇန်နဝါရီ ၉ ရက်က နေပြည်တော်တွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်
အစည်းအဝေးတွင် အစိုးရပိုင်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ၄င်းပမာဏသည်
လက်ရှိ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ် လိုငွေခန့်မှန်းတန်ဖိုး ကျပ် ၃,၂၈၈ ဘီလျံထက် ကျပ်သန်း ၈၄ဝ
ပိုမိုများနေသည်။

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊တိုင်းဒေသကြီးနှင့်
ပြည်နယ် ဝန်ကြီးများ အသီးသီးပါဝင်ကာ လာမည့်ဘဏ္ဍာနှစ် အရအသုံးငွေစာရင်း ဥပဒေမူကြမ်းကို လွှတ်တော်သို့တင်ပြနိုင်ရန် ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုရငွေ ကျဆင်းခြင်း၊ သစ်ထုတ်လုပ်မှုမှ
တင်ပို့မှုရငွေ ကျဆင်းခြင်း၊ သတ္တုကဏ္ဍ လုပ်ကွက်များကို စိစစ်နေခြင်းကြောင့်ရငွေကျဆင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍအရှုံးခံ ဖြန့်ဖြူးနေရခြင်းများက နိုင်ငံတော်ရငွေပိုင်းကို ကျဆင်းလာနေသည့်
စိန်ခေါ်ချက်ဖြစ်နေကြောင်း ၄င်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က
ပြောခဲ့သည်။

ထို့ပြင် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းရှိရန် မျှော်မှန်း
ခဲ့သော်လည်း ပထမခြောက်လပတ်အတွင်း လယ်ယာသီးနှံများ အထွက်နှုန်းကျဆင်းခြင်း၊
ပို့ကုန်ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုနှေးကွေးခြင်းတို့ကြောင့်
နှစ်ကုန်ခန့်မှန်းခြေတွင်မူ ၅ ဒသမ ၇ရာခိုင်နှုန်းသာ တိုးတက်ရန် ပြင်ဆင်ခန့်မှန်းခဲ့ကြောင်း
ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးနှင့် တစ်ရက်တည်း ကျင်းပခဲ့သည့် အမျိုးသားစီမံကိန်း
ကော်မရှင် အစည်းအဝေးတွင်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

ဘတ်ဂျက်လိုငွေပြမှုတွင် ယခင်နှစ်ထက် ပိုမိုလာသော်လည်း ယခင်နှစ်များကတည်းက
ထိန်းသိမ်းလာသော လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းအထက် မကျော်စေရန် ထိန်းသိမ်း
သွားမည်ဟုလည်း ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် သမ္မတ ဦးထင်ကျော်က ပြောခဲ့သည်။

''နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒနဲ့ အမျိုးသားဖွံ့ဖြိုးမှု စီမံကိန်းတွေကို အထောက်အကူပြုစေမယ့်
အသုံးစရိတ်တွေကိုတော့ စနစ်တကျခွဲဝေသုံးစွဲသွားရမှာပါ။ ဒါပေမဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီး
မလာစေဖို့နဲ့ ကြွေးမြီအတွက်ခံနိုင်ရည်ရှိမယ့် အနေအထားကို ထိန်းသိမ်းဖို့အတွက်တော့
ဘတ်ဂျက်လိုငွေကို ဂျီဒီပီအချိုးရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရေးကို ဆက်ပြီးထိန်းသိမ်း
သွားရမယ်''ဟု ၄င်းက ပြောခဲ့သည်။

ယခုဘဏ္ဍာနှစ်သည် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းတွက်ချက်ထားပြီး
လာမည့်ဘဏ္ဍာနှစ် ၂ဝ၁၇-၁၈ အတွက် ဂျီဒီပီနှင့် လိုငွေအချိုးမှာ ၄ ဒသမ ၅၂ ရာခိုင်နှုန်းအထိ
ဖြစ်လာသည်။

''အခု မူကြမ်းအရက ရငွေပိုင်းကိုလည်း ပြီးခဲ့တဲ့နှစ်ထက် တိုးပြထားတယ်။ ဒါပေမဲ့လည်း
လိုငွေပိုင်းက ပိုများနေတဲ့အတွက်လိုငွေက ရှိနေတယ်။ အစိုးရရဲ့ အသုံးစရိတ်မှာက
ငွေလုံးငွေရင်း အသုံးစရိတ်ဖြစ်တဲ့ လမ်းဖောက်၊ တံတားဆောက် ကိစ္စတွေအတွက်မသုံးမဖြစ်
သုံးရမှာတွေ ရှိနေသလို ဝန်ထမ်းတွေ တိုးခန့်ထားတွေအတွက်လည်း အသုံးစရိတ်ရှိနေတယ်။
ပြည်တွင်းရဲ့ စီးပွားရေးအခြေအနေက တုံ့နှေးနေ၊ အခွန်ရငွေပိုင်းကလည်း အားရစရာမရှိတော့
လိုငွေပြဿ     နာရှိနေမှာပဲ။ အသုံးစရိတ်ကိုသာ ဘယ်ကဏ္ဍမှာ ဘယ်လို သုံးလဲဆိုတာကို
စောင့်ကြည့်ရမှာ။ အဲဒါကလည်း ဥပဒေကို လွှတ်တော်တင်ပြီးတော့မှ သိနိုင်မှာပါ။
လွှတ်တော်ရောက်တဲ့အခါ ဖြတ်တောက်သင့်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်တာတွေ
ရှိလာဦးမယ် ထင်ပါတယ်''ဟု နိုင်ငံတော် ဘတ်ဂျက်ရေးရာ လေ့လာသူ ဦးဇော်ဖေဝင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည်၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁,၆၃ဝဘီလျံကျော်၊
၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁,၂၅၁ ဘီလျံကျော်၊ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၇ဝ၆
ဘီလျံကျော်၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၇၈၂ ဘီလျံကျော်နှင့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၃,၆၅၉
ဘီလျံကျော် အသီးသီးရှိခဲ့သည်။ လက်ရှိ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင်မူ စုစုပေါင်းရငွေတွင်
ကျပ် ၁၆ ဒသမ ၉၇၉ ဘီလျံသာရှိပြီး အသုံးစရိတ်တွင် ကျပ်၂ဝ ဒသမ ၂၆၇ ဘီလျံရှိထားသဖြင့်
လိုငွေသည် ၃,၂၈၈ ဘီလျံကျော် ရှိခဲ့သည်။ ဖြည့်စွက်ထပ်တိုးဘတ်ဂျက်များ ထည့်သွင်းလိုက်ပါက
လိုငွေပမာဏသည် ကျပ် ဘီလျံ ၄,ဝဝဝ ကျော်ရှိခဲ့သည်။