၂၀၁၆ ခုနှစ်အတွင်း ရေထွက်ကုန် ထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့် ယခုဘဏ္ဍာနှစ် ပြည်ပတင်ပို့ရာ၌ ၀င်ငွေလျော့ကျနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက ပြောသည်။

ထားဝယ်မြို့နယ် မောင်းမကန်ကမ်းခြေအနီးတွင် ဖမ်းဆီးရမိထားသော ငါးမန်းပေါက်များကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ထားဝယ်မြို့နယ် မောင်းမကန်ကမ်းခြေအနီးတွင် ဖမ်းဆီးရမိထားသော ငါးမန်းပေါက်များကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

၂၀၁၆ ခုနှစ်အတွင်း ရေထွက်ကုန် ထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့် ယခုဘဏ္ဍာနှစ်
ပြည်ပတင်ပို့ရာ၌ ၀င်ငွေလျော့ကျနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်း၌ ရေထွက်ကုန်များ မွေးမြူရာတွင် ရာသီဥတုဆိုးဝါးခြင်းကြောင့် ထုတ်လုပ်မှုတွင် ထိခိုက်ခဲ့ပြီး
ရေထွက်ကုန် သယံဇာတလည်း တဖြည်းဖြည်းခြင်း လျော့နည်းလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိ ဦးဟန်ထွန်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

"ဖမ်းမိတဲ့ ငါးတွေ၊ ပုစွန်တွေက အရွယ်အစားသေးလာတော့ တန်ဖိုးနည်းလာတယ်။
အဓိက မွေးမြူရေးဘက်ကပဲ။ မမွေးသလောက်ကို ဖြစ်နေပြီ။ ရခိုင်မှာဆိုရင် သမားရိုးကျ
ရေသွင်းမွေးမြူရာမှာ တာဘောင်နဲ့ မလုပ်တော့ အထွက်နှုန်းထား ကျဆင်းတယ်။ ဈေးကွက်ဟာ
ရေထွက်ကုန်ပစ္စည်းစုံကို ကြိုက်တာပဲ။ ဈေးလည်းကောင်းတယ်။ သို့သော်လည်း ထုတ်လုပ်မှုက
ကျဆင်းတယ်။ ငါးရှဥ့် ဆိုရင် သဘာဝအခြေအနေမပေးတော့ ဘယ်လိုမှ မရဘူး။ ဖမ်းဆီးတာကလည်း
လွန်ခဲ့တော့ အကောင်အသေးတွေပဲ ရနေတော့ တန်ဖိုးရသင့်သလောက် မရဘူးဖြစ်နေတယ်"ဟု
၎င်းက ပြောသည်။

တန်ဖိုးမြင့် ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းမှာ လွန်စွာ ဆိုးဝါး၍ မွေးမြူရေးလုပ်ငန်း လျော့ကျနေကြောင်း
သိရသည်။

ရေချိုပုစွန်သည် ပြည်တွင်းပြည်ပတွင် အကြိုက်များသော်လည်း အသားဖောက်ရာတွင် အခက်အခဲ
ဖြစ်ခြင်းကြောင့် အရှုံးပေါ်ရာ သားဖောက်ရုံ ၂၇ ရုံရှိရာမှ ယခု လေးရုံသာရှိတော့ကြောင်း မြန်မာနိုင်ငံ
ပုစွန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးထွန်းက ပြောသည်။

ရေချိုပုစွန် သားဖောက်မှုအတွက် ပုစွန်အသင်းအနေဖြင့် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း
ပြဿနာအခက်အခဲရှိပြီး တစ်ကြိမ် သားဖောက်ပါက ငွေကျပ် သိန်း ၂၀၀ ဆုံးရှုံးရာ လုပ်ငန်းရှင်များ
အနေဖြင့် သားဖောက်မှုကို မလုပ်ဆောင်ရဲခြင်းကြောင့် သားဖောက် လုပ်ငန်းမှာ ကျဆင်းနေသည်ဟု
၎င်းက ဆိုသည်။

"ပို့ကုန်အချက်အလက်က နည်းနည်းလေးတော့ ကျတယ်။ သိပ်အကျကြီးတော့ မဟုတ်ဘူးထင်တယ်။
လုပ်ငန်းရှင်တွေက တိုးချဲ့လုပ်ချင်ပေမဲ့ သားဖောက်က မရတဲ့အတွက် တိုးမလုပ်နိုင်ကြဘူး"ဟု
ဦးစိုးထွန်းက ဆိုသည်။

ထို့ပြင် ရေငန်ပုစွန်ထုတ်လုပ်မှုမှာ ထွက်ရှိသော်လည်း မျိုးရိုးဗီဇကို မထိန်းသိမ်းနိုင်ခြင်းကြောင့်
ထွက်ရှိမှုနှုန်း ပုံမှန်မရှိကြောင်း၊ ရေငန် ပုစွန်မွေးမြူရာတွင်လည်း ပုစွန်အသင်းချုပ်မှ လုပ်ငန်းရှင်
အနည်းငယ်သာ မွေးမြူနိုင်ကြပြီး ကျန်အများစုမှာ မွေးမြူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရေငန်ပုစွန်ကို မျိုးရိုးဗီဇ ထိန်းသိမ်းရန်အတွက် ပြည်ပအဖွဲ့အစည်းများဖြစ်သော အမေရိကန်
နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီနှင့် အီးယူတို့က လာရောက် ကူညီသော်လည်း ပြီးမြောက်အောင်
မကူညီနိုင်ခြင်းကြောင့် ထုတ်လုပ်နိုင်မှု အားနည်းနေရာ အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်ရန်
လိုအပ်ကြောင်း ဦးစိုးထွန်းက ပြောသည်။

ယခင်ကတည်းက ပြည်တွင်း၌ ရေချို၊ ရေငန်ပုစွန် နှစ်ခုပေါင်းပါက မွေးမြူရေးတွင်
တန်ချိန် ၄၀,၀၀၀ လောက်သာ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ရေချိုပုစွန်နှင့် ရေငန်ပုစွန်ပါ
ထိုင်းနိုင်ငံမှ တင်သွင်းနေရပြီး နိုင်ငံဝေးကွာခြင်းကြောင့် ရှင်သန်နှုန်းနှင့် မျိုးစေ့ကို မြန်မာလုပ်ငန်းရှင်များ
အနေဖြင့် ကြိုက်နှစ်သက်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

"ဒီနှစ်က တင်ပို့မှု လျော့ကျနိုင်မယ့် အနေအထားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ
ကျတော့လည်း မွေးမြူရေးဘက်မှာ လျော့ကျပေမယ့် သဘာဝမှာ ဖမ်းမိတာလည်း ရှိတယ်"ဟု
ပုစွန်အသင်း ဒုတိယဥက္ကဋ္ဌက ပြောသည်။

ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းအရ
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆၈ သန်းကျော် ရရှိခဲ့ပြီး ၂၀၁၂-၁၃ ကန်ဒေါ်လာ
၄၉၃ သန်းကျော်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃၄၁ သန်းကျော် ရရှိခဲ့ရာ တင်ပို့မှုဝင်ငွေ
လျော့ကျလာသည်ကိုတွေ့ရပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၆၉ သန်းကျော်
ရရှိခဲ့ခြင်းကြောင့် ၀င်ငွေအနည်းငယ် ပြန်တက်လာခဲ့သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်စမှ ၂၀၁၆ ဒီဇင်ဘာ ဒုတိယအပတ်အထိ ရေထွက်ကုန်
ကန်ဒေါ်လာ ၃၆၅ သန်းကျော် ဖိုးတင်ပို့ တင်ပို့နိုင်ခဲ့သည်။

"ကိုးလအတွင်းမှာ သန်း ၃၆၅ သန်းပဲ ရတဲ့အတွက် မနှစ်က target ကို မီမယ်မထင်ဘူး"ဟု
ဦးဟန်ထွန်းက ပြောသည်။

သို့သော် ရေထွက်ကုန်စည်များ ပြည်တွင်း၌ ထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့် လက်ရှိ ဘဏ္ဍာနှစ်
ကိုးလတာအတွင်း ရေထွက်ကုန် တင်ပို့မှု လျော့ကျနေဆဲဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်တွင်လည်း တင်ပို့မှုမှ
ဝင်ငွေမှာလည်း လျော့ကျနိုင်ကြောင်း၊ ငါးရှဥ့် တင်ပို့မှုမှာလည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်
တန်ချိန် ၁၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၄၂ သန်း ရရှိခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလအထိ တန်ချိန် ၆,၀၀၀ ကျော်သာရှိရာ တင်ပို့နိုင်မှု လျော့ကျသွားပြီး
ဝင်ငွေမှာလည်း ကန်ဒေါ်လာ ၁၀ သန်းကျော်သာ ရှိကြောင်း ၎င်းက ပြောသည်။

ပင်လယ်ပြင်တွင် ငါးဖမ်းဆီးမှုမှာ အလားအလာ သိပ်မကောင်းပဲ မွေးမြူရေးပိုင်းသာ အလားအလာ
ကောင်းခြင်းကြောင့် မွေးမြူရေးကို ပုံအောပြီး လုပ်သင့်ကြောင်း၊ ရေထွက် ကုန်ထုတ်လုပ်မှု တိုးတက်၍
ပို့ကုန်မြင့်တက်လာရန် သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းအသင်းချုပ်တို့
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

"အမှန်ဆိုရင် သူတို့က ဦးဆောင်ပြီး ဒီနှစ် မှာ သန်း ၁,၀၀၀ ထုတ်မယ်။ ဘယ်ကဏ္ဍက ဘယ်လောက်၊
ဘယ်ကဏ္ဍက ဘယ်လောက် ဆိုပြီး ခွဲခြားပြီး ပေးရမယ်"ဟု ဦးဟန်ထွန်းက ပြောသည်။