ကြာမြင့်စွာ ရပ်ဆိုင်းထားတဲ့ နာမည်ကျော်ဟန်းဆက်ထုတ်လုပ်သူ နိုကီယာဟာ ၂ဝ၁၇ ခုနှစ် အစပိုင်းမှာ ပထမဆုံး ပြန်လည်ထုတ်လုပ်ရောင်းချမယ့် Nokia 6 စမတ်ဖုန်းသစ်ကို တရုတ်ပြည်တွင်းဈေးကွက်သီးသန့်ရောင်းချသွားမယ်လို့ ဇန်နဝါရီ ၈ ရက်က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ကြာမြင့်စွာ ရပ်ဆိုင်းထားတဲ့ နာမည်ကျော်ဟန်းဆက်ထုတ်လုပ်သူ နိုကီယာဟာ ၂ဝ၁၇ ခုနှစ်
အစပိုင်းမှာ ပထမဆုံး ပြန်လည်ထုတ်လုပ်ရောင်းချမယ့် Nokia 6 စမတ်ဖုန်းသစ်ကို
တရုတ်ပြည်တွင်းဈေးကွက်သီးသန့်ရောင်းချသွားမယ်လို့ ဇန်နဝါရီ ၈ ရက်က ကြေညာချက်
ထုတ်ခဲ့ပါတယ်။

အက်ပဲလ်၊ ဆမ်ဆောင်း အစရှိတဲ့ ပြိုင်ဘက်တွေကို စမတ်ဖုန်းဈေးကွက်သစ် တိုက်ပွဲမှာ
မကျော်လွန်နိုင်ခဲ့တဲ့ နိုကီယာရဲ့ မိုဘိုင်းဖုန်းအမှတ်တံဆိပ် မူပိုင်ခွင့်ကို ဖင်လန်အခြေစိုက်ကုမ္ပဏီ
HMD Global က ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းမှာ ဝယ်ယူခဲ့ပြီးနောက် ပထမဆုံးထုတ်လုပ်လာမယ့်
ဖုန်းလည်းဖြစ်ပါတယ်။

နိုကီယာအမှတ်တံဆိပ်နဲ့ ထွက်လာမယ့်ပထမဆုံး Android ဖုန်းဖြစ်တဲ့အတွက်လည်း ယခင်က
ဝင်းဒိုးဖုန်းတွေနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ခဲ့တဲ့ နိုကီယာအတွက် ထူးခြားချက်တစ်ခုဖြစ်နေပါတယ်။

Nokia 6ကို တရုတ်ဈေးကွက်ထဲမှာ သီးသန့်ရောင်းချသွားမှာဖြစ်ပေမဲ့ ၂ဝ၁၇ အတွင်းမှာတော့
နိုင်ငံတကာဈေးကွက်ကိုလည်း နိုကီယာရဲ့ ထုတ်ကုန်တွေရောက်ရှိလာတော့မှာပါ။ ၂ဝ၁၆ ခုနှစ်မှာ
တရုတ်နိုင်ငံ၌ စမတ်ဖုန်းသုံးစွဲသူ ၅၅၂ သန်းကျော်ရှိပြီး ၂ဝ၁၇ ခုနှစ်မှာ ၅၉၃ သန်းကျော်ထိ
တိုးတက်လာဖို့ ခန့်မှန်းထားတာကြောင့် အရေးကြီးတဲ့ ဗျူဟာမြောက်ဈေးကွက်ကို ဝင်ရောက်ဖို့
ကြိုးစားတာဖြစ်တယ်ဟု HMD ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Android ဗားရှင်း ဘယ်လောက်အသုံးပြုမယ်ဆိုတာ မသိရသေးပေမဲ့ ဒီဖုန်းမှာ ၅ ဒသမ ၅ လက်မ
အရွယ် မျက်နှာပြင်မှာ 1920 x 1080 resolution ပါဝင်မှာဖြစ်ပြီး Snapdragon 430 CPU
အသုံးပြုသွားမှာပါ။ သိုလှောင်ရည် ပမာဏ 64GB မန်မိုရီ 4GB ထည့်သွင်းထားတဲ့
Nokia 6 ကို အမေရိကန်ဒေါ်လာ ၂၄၅ ခန့်နဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁,၆၉၉ နဲ့ ရောင်းချမယ်လို့
ကြော်ငြာထားပါတယ်။

စတင်ရောင်းချမယ့် နေ့ရက်နဲ့ ဈေးနှုန်း၊ ရရှိနိုင်မယ့် အရောင် စတာတွေကို အသေးစိတ်
မသိရသေးပေမဲ့ JD.com မှတစ်ဆင့် တရုတ်ဈေးကွက်ထဲကို ၂ဝ၁၇ အစောပိုင်းမှာ ရောင်းချမယ်လို့
ကြေညာခဲ့ပါတယ်။