မန္တလေးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအား ဓားဖြင့်ထိုးခဲ့သည့် ဆရာဝန်ကို မန္တလေးခရိုင်တရားရုံးက ဇန်န၀ါရီ ၁၀ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်။

မန္တလေးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေသော
ယာဉ်ထိန်းရဲအား ဓားဖြင့်ထိုးခဲ့သည့် ဆရာဝန်ကို မန္တလေးခရိုင်တရားရုံးက ဇန်န၀ါရီ ၁၀ ရက်တွင်
အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခန့်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်
၁၉ လမ်းနှင့် ၆၆ လမ်းထောင့်တွင် မတ္တရာမြို့နယ် ကျောက်တံတားရွာမှ မန္တလေးမြို့သို့လာသော
ဆိုင်ကယ်တစ်စီးကို ယာဉ်ထိန်းရဲပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာတွင် ယာဉ်လိုင်စင်မပါသဖြင့် ယာဉ်ထိန်းရဲတပ်သား ကျော်ဇင်ဦးမှ
ယာဉ်မောင်းဖြစ်သူ လှမျိုးထွန်း ၏ လိုင်စင်ကိုယူ၍ ချလံဖြတ်သည့်အဖွဲ့ထံ သွားရောက်ရန်
ပြောဆိုခဲ့သည်။

ယာဉ်မောင်းဖြစ်သူမှာ ချလန်ဖြတ်သည့်အဖွဲ့ထံ မသွားရောက်ဘဲ လမ်း ၄၀ နှင့် ၆၈ လမ်းထောင့်တွင်
ရှိသည့် အစ်ကိုဖြစ်သူအား သွားရောက်ပြောပြရာ အစ်ကိုဖြစ်သူ ဒေါက်တာ လှစိုးထွန်းက
လိုင်စင်သိမ်းဆည်းခဲ့သော ပူးပေါင်းအဖွဲ့ထံသို့ လိုက်လာခဲ့သည်။

လှစိုးထွန်းသည် ဖြစ်စဉ်ကို ရဲတပ်သား ကျော်ဇင်ဦးထံ မေးမြန်းခဲ့ရာတွင် ရဲတပ်သားက
ချလန်သွားဖြတ်ရန်ပြောသော်လည်း လှစိုးထွန်းမှ ၎င်းအား လက်သီးဖြင့် ထိုးခဲ့သည်။

ရဲတပ်သားမှာ ရှောင်တိမ်းရင်း ချော်လဲကျသွားပြီး ၎င်း၏ နောက်ကျောကို လှစိုးထွန်းက ခါးတွင်
ဝှက်၍ ယူလာသော ဓားဖြင့်ထိုးခဲ့သည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် အနီးရှိ ဆိုင်ကယ်တက္ကဆီသမားများက ရဲတပ်သားအား
မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သည်။

ဓားဖြင့် ထိုးသူကို အောင်မြေသာစံမြို့နယ် အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့်
ရဲအုပ်မင်းမင်းခန့်က တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင်
စတင်တရားစွဲတင်ခဲ့သည်။

တရားရုံးချိန်းပေါင်း ၅၁ ကြိမ်ကြားနာစစ်ဆေးခဲ့ပြီး မန္တလေးခရိုင်တရားသူကြီး(၃) ဦးစောဝီလီက
ဒေါက်တာလှစိုးထွန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊
ညီဖြစ်သူ လှမျိုးထွန်းကို ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ်
ငါးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။