အစုလိုက် အပုံလိုက်လူသေတဲ့ ( ဖြစ်ရပ်မှန် )
အစုလိုက်အပုံလိုက် လူသေတဲ့ဖြစ်ရပ်ကို ကျနော် အသက် ၁၂ အရွယ်က ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ရပ်ဆိုးထဲပါသွားပြီဆို ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေ အတော်သောကရောက်တာပါ။ အခု Y8 လေယာဉ်ကိစ္စလည်း ကျန်ရစ်သူတွေ ဘယ်လောက်ခံစားရမလဲ စာနာမိလို့ တိုးအေးဖြစ်ရပ်ထဲက ထူးခြားမှုလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ ၅၅ မိနစ်မှာ ရန်ကုန်နဲ့ဒလကူးတဲ့ တိုးအေးသင်္ဘောဟာ ခရီးသည် ၃၀၀ နီးပါးတင်ဆောင်ထွက်ခွာခဲ့တာ ၅ မိနစ်လောက်ပဲကြာသေးချိန် ဂျပန်ပင်လယ်ကူးသင်္ဘော မာရူဒါနဲ့တိုက်မိပြီး ခရီးသည် တစ်ရာကျော် သေကြေခဲ့ကြပါတယ်။

ကျနော့်အမေလည်း ဒလကိုကူးဖို့အလာ ဘတ်စ်ကားနောက်ကျတာကြောင့် ကံသီလို့ကျန်ရစ်ခဲ့ရတယ်၊ အမေနဲ့အတူ ခရီးသွားဖော်ဖြစ်တဲ့ အဒေါ်ဖြစ်သူ (အမေ့အစ်မဝမ်းကွဲ)အန်တီသန်းသန်းက ဒလဘက်ကမ်း အရင်သွားနှင့်မယ်ပြောပြီး လိုက်ပါသွားတာ သေခဲ့ရတယ်၊ အမေ နန်းသီတာဆိပ်ကမ်းရောက်ချိန် တိုးအေးသင်္ဘောက နစ်ပြီးသွားပြီ၊ သမီးဖြစ်သူသေတာသိတော့ အန်တီသန်းသန်းရဲ့ မိခင် အဖွားဒေါ်စိန်ရွှေဟာ သည်းခြေပျက်ပြီး ရူးသွားပါတယ်။

တိုးအေးသင်္ဘောက အလောင်းတွေကို နေ့စဉ်ဆယ်ယူကြရင်း ၁၅ ရက်လောက် ကြာတဲ့အခါ တိုးအေးသင်္ဘောပေါ်မှာ ကလေးအမေတစ်ဦးရဲ့ အလောင်းကိုတွေ့ခဲ့ကြရပါတယ်။ နို့်စို့အရွယ် ကလေးကို ရင်ခွင်မှာ ပွေ့ဖက်ရင်း သံဇကာကိုမြဲမြဲဆုပ်လို့ သေဆုံးနေတာပါ၊

ဒါကို ကဗျာဆရာသမိန်သောင်းက ကြားသိရလို့ အဲဒီဖြစ်ရပ်ကို ခံစားပြီး ကဗျာတစ်ပုဒ်ရေးဖွဲ့ခဲ့ပါတယ်။ ဒီကဗျာကို ဖော်ပြခဲ့တဲ့မဂ္ဂဇင်းက ၁၉၇၃ မေလ ငွေတာရီမဂ္ဂဇင်းဖြစ်ပါတယ်။

(တိုးအေးပေါ်မှ အိုမိခင်)

မမျှော်မလင့် ၊ မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ ၊ သည်းဆတ်ခါမျှ
ကြမ္မာကံဆိုး ၊ လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သော ထိုတစ်နေ့ ။

ထိုနေ့မှသည် ၊ ညညနေ့နေ့
မြင်တွေ့မကောင်း ၊ သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ ၊ မြင်ခဲ့ရ ။

နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက် ၊ ခါချိန်ရောက်မှ
ရေအောက်ကဖော် ၊ “တိုးအေး” ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ ၊ မိခင်ဇွဲကို
အသည်းနင့်ဖွယ် ၊ မြင်ရသည် ။

အရိုးစုမျှ ၊ ကြွင်းသော်မှပင်
ချစ်လှရင်သွေး ၊ သူ့ကလေးအား
ထွေးဆဲပိုက်ဆဲ ၊ ယုယဆဲဟု
သည်းသည်းမည်းမည်းပြနေသူ ။

ရေစီးကလှုပ် ၊ လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား ၊ စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ ၊ မေ့သည်းခြာအား
မကွာမကွဲ ပိုက်ပွေ့ဆဲ ။

အို ……. မိခင်
သင် ဘေးကင်းရာ
ကူးခပ်ပါ၍ ၊ လွတ်ရာအဝေး
ပြေးနိုင်ပါလျက် ၊ မပြေးရက်၍
အသက်စတေး လိုက်ရော့လား ။

အို ……. မိခင်
“ကိုယ်လျှင်မချိ ၊အမိသော်လည်း
သားတော်ခဲ” ဟု
စွဲလာဆိုထုံး ၊ စကားလုံးကို
ချေမှုန်း တော်လှန်လိုက်ရော့လား ။

အို ……. မိခင်
သင်နှင့်အတူ ၊ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ် ၊ “မိခင်စိတ်” ဖြင့်
ယိုဖိတ်မေတ္တာ ၊ စေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏ ။ ။

(သမိန်သောင်း)
၁၉၇၃ မေလ ငွေတာရီမဂ္ဂဇင်း

(တိုးအေးနဲ့ပတ်သက်ပြီး ဂမ္ဘီရဆန်တဲ့ဖြစ်ရပ်တစ်ခု ကျနော်တို့မိသားစု ကြုံတွေ့ခဲ့ပါသေးတယ်၊ တကယ်ကို အရမ်းထူးဆန်းတာပါ၊ သက်သေအဖြစ် ကျနော့်အမေ အခုထိ သက်ရှိထင်ရှားရှိနေပါသေးတယ်)
၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ ၅၅ မိနစ်မှာ ရန်ကုန်နဲ့ဒလကူးတဲ့ တိုးအေးသင်္ဘောမှာ ကျနော့်အဒေါ်လိုက်ပါသွားပြီးရေနစ်သေဆုံးခဲ့ပါတယ်။ အမေက နန်းသီတာဆိပ်ကမ်း ကျန်ရစ်ခဲ့ပြီး အလောင်းပေါ်တဲ့အထိ သေချာအောင် စောင့်ခဲ့ပါတယ်။ စနေနေ့မှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှာ အလောင်းတွေ့ရလို့ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်။

အန်တီသန်းသန်းရဲ့ခင်ပွန်း ဦးကျော်သန်းက စိတ်ထိခိုက်လွန်းပြီး အရက်သမားကြီးဖြစ်သွား တော့တယ်။ သားနှစ်ယောက်ကျန်ရစ်ခဲ့တာ အောင်သိန်းနဲ့ တင်ထွဋ်၊ အငယ်ကောင်တင်ထွဋ်က ကျနော်နဲ့အတန်းတူ၊ ကျောင်းတူ။ ၁၉၇၄ ခုနှစ်မှာ ၇ တန်းကျောင်းသား။ အထက ၃ ဖျာပုံ။

တစ်ရက်မှာ မိဘဆရာကန်တော့ပွဲရှိလို့ ကျောင်းမသွားဘဲ ကျောင်းပြေးကြတယ်။ ပန်း ခြံထဲသွား ဆော့ကြတာပါ။ ဆော့လို့ပျင်းလာတော့ ကမ်းနားဆင်း ရေကူးကြတယ်။ အတန်းတူသူငယ်ချင်း ခင်မောင်သင်းရယ်၊ တင်ထွဋ်ရယ်၊ ကျနော်ရယ်။ တင်ထွဋ်က အိမ်မှာစိတ်ညစ်ပုံရပါတယ်။ သူ့အဖေက မူးလာရင် ရိုက်တာကိုး။

”ငါ အိမ်ကထွက်ပြေးချင်တယ်ကွာ။ ဘယ်သူမှ လိုက်မခေါ်နိုင်တဲ့နေရာကို”

အဲဒီစကားဟာ အမှတ်တရပါပဲ။ ကျနော်နဲ့ခင်မောင်သင်း ရေကူးတော့ တင်ထွဋ်က ကမ်းစပ်မှာ ငှက်ပျောတုံးလေးနဲ့၊ အမှတ်တမဲ့ဆိုတော့ သူလည်း ကူးတတ်တယ်ထင်မိတာပေါ့။ ကျနော်တို့ရေကူးတာမောလို့ ကုန်းပေါ်တက်တော့ ဒီကောင်လှမ်းအော်သံကြားရတယ်။

”ဟေ့ကောင်တွေ ဟေ့ကောင်တွေ၊ ငါ ရေနစ်နေပြီ”

နောက်နေတယ်ထင်တာ၊ ကြည့်လိုက်တော့မှ တကယ်ရေနစ်မှန်းသိတာ၊ ဒါနဲ့ကျနော် ဝုန်းဆိုရေထဲခုန်ဆင်းပြီး သူ့ကိုဆွဲတင်ပါတယ်။ သူက ကြောက်လန့်တကြား အတင်းဆွဲဖက်ထားတာ ကျနော်လှုပ်မရတော့ဘူး။ ရေလည်း အတော်မွန်းနေပြီ။ ကမ်းဘက်ကို ကူးမရတာ၊ တင်ထွဋ်က ကျနော့်ခေါင်းပေါ်မှာ၊ သူက အတင်းရုန်းကန်ပြီး လေတက်ရှူ နေတာဖြစ်မယ်။

ကျနော် ရေမွန်းပြီး မျက်စိတွေပါပြာနေချိန် ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကျနော့်လက်တစ်ဖက်ကို ခင်မောင်သင်းကဆွဲယူလိုက်တာ ကမ်းပေါ်ပြန်ရောက်သွားတယ်။

”ငါက ရေမကူးတတ်တဲ့ တင်ထွဋ်ထင်ပြီး လက်ဖမ်းဆွဲတာ မင်းဖြစ်နေပါလား”

”ဒါဆို တင်ထွဋ် ကျန်ခဲ့ပြီ”

ကျနော်တို့နှစ်ယောက် မြစ်ကမ်းတလျှောက် အပြေးလိုက်ကြည့်တာ ဝါးဆယ်ပြန်လောက်အဝေးမှာ တင်ထွဋ် ခါးတဝက်လောက်ရေထဲကပေါ်လာပြီး လက်တစ်ဖက်မြှောက်ပြရင်း မြုပ်သွားတော့တယ်။ အဲဒီနေ့က ဗုဒ္ဓဟူးနေ့ပါ။ အိမ်ပြန်ရောက်ပြီး လူကြီးတွေကို အကျိုးအကြောင်းပြောပြတော့ စက်လှေတွေနဲ့ လိုက်ရှာကြတော့တယ်။

စနေနေ့မနက် ၆ နာရီလောက် ဖျာပုံဧရာဝတီသင်္ဘောဆိပ်ခံတံတားမှာ အလောင်းတစ်ခု လာတင်နေတာ သင်္ဘောက အမှုပတ်မှာစိုးလို့ တွန်းထုတ်လိုက်တယ်။ ရေစီးအတိုင်းမျောပါသွားပြီး ရေတပ်သင်္ဘောပဲ့ပိုင်းသွားကပ်နေပြန်တယ်။ သင်္ဘောကပ္ပတိန်က မျက်နှာသစ်နေတုန်း အလောင်းမြင်လိုက်တော့ ကြိုးကွင်းနဲ့စွပ်ဖမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားတယ်။ သွားကြည့်တော့ တင်ထွဋ်အလောင်းဖြစ်နေတယ်။

ကျနော့်အမေနဲ့ သူ့အမေ ခရီးအတူသွားတာ ကျနော့်အမေ ဆိပ်ကမ်းမှာကျန်ခဲ့ပြီး သူ့အမေ ရေနစ်သေခဲ့တယ်။ သေတာ ဗုဒ္ဓဟူးနေ့ ညနေ။ အလောင်းတွေ့တာ စနေမနက်၊ တင်ထွဋ်နဲ့ကျနော် ရေသွားကူးရင်း ဒီကောင်ရေနစ်သေတာ ဗုဒ္ဓဟူးနေ့ ညနေ၊ အလောင်းပေါ်တာ စနေမနက်၊

ပိုအံ့ဩစရာကောင်းတာက သူ့အမေ အန်တီသန်းသန်းအလောင်းကို ဆယ်ပေးခဲ့သူဟာ အခုရေတပ်သင်္ဘော ကပ္ပတိန်ဖြစ်နေတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Bahutha