ချစ်သူကို သဝန်တိုတာလား ချုပ်ချယ်လွန်းတာလား
ချစ်သူတွေကြားထဲမှာ သဝန်တိုတာလေးတွေ ရှိကြမှာပါ။သမီးရည်းစားကြားမှာ သဝန်တိုတယ်ဆိုတာက ချစ်စရာကောင်းတဲ့အပြင် ကြည်နူးစရာ ကောင်းတဲ့အကျင့်လေး တစ်ခုပါပဲ

သမီးရည်းစား ချစ်သူတွေကြားထဲမှာ သဝန်တိုတာလေးတွေ ရှိကြမှာပါ။ သဝန်မတိုဘူးဆိုတဲ့သူ မရှိပါဘူးနော်။ သမီးရည်းစားကြားမှာ သဝန်တိုတယ်ဆိုတာက ချစ်စရာကောင်းတဲ့အပြင် ကြည်နူးစရာ ကောင်းတဲ့အကျင့်လေး တစ်ခုပါပဲ။ ဒါပေမယ့် အလွန်အကျွံ သဝန်တိုတယ်ဆိုရင်တော့ နှစ်ယောက်စလုံးအတွက် စိတ်ညစ်စရာတွေ ကြုံလာရမှာပါ။

နောက်တစ်ခုက သဝန်တိုလွန်းလို့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုရင်လည်း ချုပ်ချယ်လွန်းရာ ကျပြီး စိတ်ရှုပ်စရာတွေ များလာနိုင်ပါတယ်။ ဒီလို စိတ်ရှုပ်စရာတွေ များလာတဲ့အခါမှာ ချစ်သူတွေ ဝေးသွားတတ်ကြပါတယ်။ ဒါကြောင့်ပဲ လမ်းခွဲသွားဖြစ်ကြတဲ့ ချစ်သူတချို့တွေကို ဘာကြောင့် လမ်းခွဲဖြစ်ကြတာလဲ မေးတဲ့အခါ အရမ်းသဝန်တိုလို့ ချုပ်ချယ်လွန်းလို့ ပြန်ဖြေကြတာမျိုး ကြုံဖူးကြမှာပါ။

သဝန်တိုတယ်ဆိုတာ
ချစ်သူတွေကြားမှာ သဝန်တိုတာကောင်းပေမယ့် အလွန်အကြူးဆိုရင်တော့ ဒါဟာ ပြဿနာ တစ်ရပ်ဖြစ်လာနိုင်တယ်နော်။ သဝန်တိုတာက ချစ်သူရဲ့ ပုံကို တချိန်လုံး love react ပေးနေတာလောက်ဆိုရင်တော့ “သူက ဘယ်သူလဲ မကြိုက်ဘူးနော်”ဆိုပြီး တစ်ညနေခင်းလောက် စိတ်ကောက်ပြတာမျိုးက သဝန်တိုတာပါ။

ဒါမှမဟုတ်ဘဲ ဒေါသကြီးနဲ့ သူကဘယ်သူလဲ ဘယ်ကလဲ တစ်ခုခု ပတ်သက်နေတယ်မလား၊ တစ်ခုခု ပတ်သက်နေလို့ ဒါမျိုးလုပ်တာပေါ့”ဆိုပြီး အထင်တစ်ခုတည်းနဲ့ ပြဿနာတွေ သွားရှာမယ်ဆိုရင်တော့ နှစ်ယောက်သား ကြားမှာ အဆင်မပြေတာမျိုး ဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် ဒီလိုမျိုး သံသယတွေ ဖြစ်လာပြီဆိုရင် စိတ်အေး လက်အေးပဲ ဖြေရှင်းပါ။ မကြိုက်တာကို ဘောင်အတွင်း စည်းအတွင်းထဲကနေပဲ ပြောပါ။ ကျန်တစ်ယောက်ကလည်း ပြင်ပေးသင့်တာတွေ ပြင်ပေးပါ။

ချုပ်ချယ်တယ်ဆိုတာ
ချုပ်ချယ်တယ်ဆိုတာကတော့ သံသယထားခြင်း အကြီးစားပါပဲ။ ကိုယ်မပါရင် ဘယ်မှ မသွားရဘူး၊ ဟိုလူနဲ့ စိတ်မချဘူး၊ အချိန်မရွေး ဖုန်းဆက်မယ်၊ မကိုင်ရင် ပြဿနာတွေ ရှာမယ်။ ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတမ်း ပြောနေရမယ်ဆိုတာမျိုးတွေက ချုပ်ချယ်ခြင်းပါပဲ။ ဒီလိုမျိုး ချုပ်ချယ်တာကို ဘယ်သူမှ ရေရှည်မကြိုက်ပါဘူး။

အတိုင်းအတာ တစ်ခုလောက်တော့ လွှတ်ထားပေးပြီး အေးအေးဆေးဆေးပဲ တိုင်ပင်ပါ။ သံသယတွေ ထားနေတာထက် မျက်နှာချင်းဆိုင်ဖြေရှင်းတာက အကောင်းဆုံးပါပဲနော်။ ချုပ်ချယ်နေတာထက် နှစ်ဦးသားညှိနှိုင်းတာ ကောင်းပါတယ်။ အဲဒီလို မဟုတ်ဘဲ ချုပ်ချယ်မှ အဆင်ပြေမယ်ဆိုရင်တော့ နောက်ပိုင်းမှာ စိတ်ညစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

စုံတွဲလေးတို့ရေ ချစ်သူလေးကို သဝန်တိုတဲ့ ချစ်ခြင်းနဲ့သာ ချစ်ပါနော်။ ချုပ်ချယ်ပြီး မချစ်ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry