ကင်ဆာလှည်းတန်း အကြောင်း
လှည်းတန်းရဲ့ အဆင့်မြင့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်က ဆီချက်ခေါက်ဆွဲလုပ်ရင် ဇကာနဲ့ဆယ်လိုက်တဲ့ ဆီချက်ခေါက်ဆွဲအပူတွေကို လက်ကိုင်ပါတဲ့ ရေချိုးခန်းသုံး ကော်ခွက်အစိမ်းထဲ ထည့်တယ်… ကော်ခွက်ထဲမှာ အစာပလာတွေ နယ်ပြီးမှ ကြွေပန်းကန်ထဲထည့်ပြီး လာချတယ်…

လှည်းတန်းမှာ နှစ်ဆိုင်ပဲရှိတဲ့ နောက်ထပ်အဆင့်မြင့်လက်ဖက်ရည်ဆိုင်ကျတော့ အအေးမှာရင် ရေသန့်ရေခဲ မသုံးဘဲ အတုံးကြီးကို မညီမညာထုခွဲထားတဲ့ ရေခဲတုံးလေးတွေကို စေတနာဗရပွနဲ့ ထည့်ပေးတယ်… ပဲနို့ပုလင်းတွေကတော့ အဝမှာ သံချေးတက်နေလို့ မှာမသောက်ဖြစ်တော့ဘူး…

လမ်းဘေးမုန့်ဟင်းခါးဆိုင် ဆိုပေမဲ့ လှည်းတန်းရဲ့ ပိုင်အိုးနီးယားစာရင်းဝင်နေပြီဖြစ်တဲ့ဆိုင်က မုန့်ဟင်းရည်ကုန်နေလို့ ခဏစောင့်ပါတဲ့… ခဏနေတော့ ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ မုန့်ဟင်းရည်ပူပူတွေကို ဆိုက်ကားတစ်စီးနဲ့ သယ်လာပြီး ဆိုင်ကဟင်းရည်အိုးထဲ လောင်းထည့်လိုက်ပါလေရော…

လှည်းတန်းဈေးထဲက ကြာဇံကြော် ခေါက်ဆွဲကြော် ကြော်ပြီးသားရောင်းတဲ့ဒိုင်က ခေါက်ဆွဲကြော်နေတဲ့ဒယ်အိုးထဲ အာချီတိုမိုနို အချိုမှုန့်တစ်ထုပ်လုံး လောင်းချလိုက်တယ်… အဲဒီခေါက်ဆွဲတွေ လက်လီယူရောင်းတဲ့ အသုပ်စုံဆိုင်တွေ၊ ဝက်သားတုတ်ထိုးဆိုင်တွေက ခေါက်ဆွဲသုပ်တို့၊ အသားနဲ့ကြာဇံသုပ်တို့မှာရင် အချိုမှုန့်တစ်ဇွန်းစီ ထပ်ဆောင်းထည့်ပေးလိုက်ကြသေး… လှည်းတန်းဈေးထဲက ဆိုင်နောက်မှာ ရေသန့်ဘူးခိုးညှပ်နေတဲ့ အကြော်ဆိုင်တွေအကြောင်းတော့ မရေးတော့ပါဘူးလေ…

ကင်ဆာလှည်းတန်းလို ကင်ဆာစမ်းချောင်း၊ ကင်ဆာကျောက်မြောင်း၊ ကင်ဆာတောင်ဥက္ကလာ စသဖြင့် ဘယ်နှဆိုင်များ ရှိနေလေမလဲ…

ဖိုးသူတော် (www.phothutaw.com)
Credit:  Lu Maw Han