မင်္ဂလာလက်ဖွဲ့ကိုဖွင့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သတို့သား သေဆုံး
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်မှာ မကြာခင်က လက်ထပ်ခဲ့တဲ့ သတို့သားနဲ့ ၎င်းရဲ့အဘွားဖြစ်သူတို့ မင်္ဂလာဆောင်လက်ဖွဲ့တစ်ခုကို ဖွင့်ဖောက်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ (ဖေဖေါ်ဝါရီ ၂၃ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မင်္ဂလာဆောင်လက်ဖွဲ့ ပေါက်ကွဲမှုအတွင်း သတို့သမီးလည်း ဒဏ်ရာရပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။
သတို့သား Soumya Sekhar နဲ့ သတို့သမီး Reema Sahu

Soumya Sekhar နဲ့ Reema Sahu တို့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခု ပေါက်ကွဲမှုဖြစ်တဲ့ မင်္ဂလာလက်ဖွဲ့ကို မင်္ဂလာဧည့်ခံပွဲအပြီး ရက်အနည်းငယ်ကြာမှာ လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မင်္ဂလာဆောင်လက်ဖွဲ့ဟာ ပါဆယ်ဗုံးတစ်လုံး ဖြစ်ခဲ့ကြောင်းနဲ့ ပေးပို့သူရဲ့လိပ်စာကို အဆိုပါ လက်ဖွဲ့ပါဆယ်ဘူးပေါ်မှာ ရေးထားခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မင်္ဂလာလက်ဖွဲ့ ပါဆယ်ဘူးကို ဖွင့်ဖောက်လိုက်တာနဲ့ ပေါက်ကွဲခဲ့ကြောင်း ဆွေမျိုးသားချင်းတွေက ဒေသခံမီဒီယာတွေကို ပြောခဲ့ပါတယ်။
မင်္ဂလာလက်ဖွဲ့ကို ဖွင့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ခဲ့သည့်နေရာ

ပေါက်ကွဲမှုအတွင်း သတို့သားရဲ့ အဘွားအဖြစ်သူ အသက် ၈၅ နှစ်အရွယ် Jemamani Sahu ဟာ ရရှိခဲ့တဲ့ ဒဏ်ရာများနဲ့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာလက်ဖွဲ့ ပါဆယ်ဘူးထဲမှာ ဗုံးထည့်ပြီးတိုက်ခိုက်ခဲ့တဲ့ အကြောင်းအရင်းကို မသိနိုင်သေးကြောင်း၊ သို့သော့် ထိုသို့တိုက်ခိုက်ခဲ့သူဟာ သတို့သား နေထိုင်ရာဒေသတွင်းမှ တစ်စုံတစ်ဦးဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
#